Monday, July 9, 2012

သေဆုံးနေတဲ့ မန္တလေးမြို့ (၁)


(သွယ်ဝိုက်ပြီး ငါလေမပြောချင်… ဗမာ့သမိုင်းများစွာ၊ စောင့်ထိန်းခဲ့ရာ… ကျနော် မွေးခဲ့တဲ့မြို့ မရှိတော့ပါ…။)
လူတော်တော်များများ ကြားဖူးလိမ့်မယ်ထင်တယ်။ ရန်ကုန်က ဒီနေ့နာမည်ကြီးတဲ့ အဆိုတော်တွေထဲက တယောက်ဖြစ် တဲ့ လင်းလင်း၊ ရေး-ဆိုထားတဲ့ မန္တလေးမြို့သေဆုံးခြင်းဆိုတဲ့ သီချင်းလေး။
လွန်ခဲ့တဲ့လကမှ အင်တာနက်ကတဆင့် ပျံ့နှံ့ပေါ်ထွက်လာလို့ ကျနော်လည်း ကြားလိုက်တာပါ။ မန္တလေးရဲ့ အစဉ်အလာ သမိုင်းကြောင်းတွေးရင် ရှက်နေမိတဲ့အကြောင်း၊ အရှေ့ဘက်က ဘာသာစကားမတူ၊ အသားဖြူဖြူလူတွေနဲ့ တစိမ်းတွေ ကြား ဖုံးလွမ်းနေ ကိုယ့်ရဲ့ဇာတိအစစ်အမှန် မန္တလေးမြို့ကြီး သေဆုံးသွားပါပြီလို့ ရင်နာနာနဲ့ ဟစ်ကြွေးထားတဲ့ သီချင်း လေးပါ။
ဘယ်သူတွေလည်း.. ဒီမြို့ထဲမှာ.. ဟိုးအရှေ့ရပ်က.. အိမ်နီးချင်းတွေ..၊ မျက်လုံးမှေးမှေး.. အကြည့်နဲ့ပါ။ မေးခွန်းများစွာ ငါလေတွေးရင်း၊ သမိုင်းကြောင်းများစွာ ငါလေမေးရင်း.. နား ၂ ဖက်ချည်းပိတ်နေမိ၊ တစိမ်းတွေနဲ့ ဆုံတွေ့နေတဲ့ ငါတို့ရဲ့ မန္တလေးမြို့ သေဆုံးခြင်း…
မန္တလေးမြို့ဟာ နှစ်ပေါင်း ၁၀၀ ကျော် အင်္ဂလိပ်လက်အောက်မှာကျခဲ့ပေမဲ့ ကိုယ့်ယဉ်ကျေးမှု၊ စာပေနဲ့ ဘာသာစကားက ဒီဘက်ခေတ်မှာလို ခြိမ်းခြောက်တာမခံခဲ့ရပါဘူး။ ကိုလိုနီခေတ်ကတည်းက မန္တလေးမှာ အထင်ကရရှိတဲ့ ရှေးဟောင်း ဈေးချိုရုံတော်ကြီးကို န၀တ ဗိုလ်ချုပ်ထွန်းကြည် လက်ထက်ကဖျက်လိုက်ပြီး သူတို့ပြောတဲ့ ခေတ်မီ ၆ ထပ်ဈေးကြီး ဆောက်လိုက်တော့ ပထမဆုံးပေါ်လာတဲ့ဆိုင်းဘုတ်ဟာ တရုတ်ဆိုင်းဘုတ်ပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော် အုပ်စိုး ခဲ့တဲ့ အင်္ဂလိပ်စာထက် တရုတ်စာကပိုကဲလာပါတယ်။အင်္ဂလိပ်ဆိုင်းဘုတ်ထက် တရုတ်ဆိုင်းဘုတ်က ပိုများသွားပါတယ်။
တချိန်က ဘုံကျောင်းတွေမှာပဲ မြင်ရတဲ့ တရုတ်စာနဲ့ ဆိုင်းဘုတ်တွေဟာ ဒီနေ့မန္တလေးမြို့လည်အနှံ့ လက်ညှိုးညွှန်ရာ၊ မျက်နှာမူရာတိုင်း တွေ့နေရပါပြီ။ မြန်မာစာ မြန်မာစကားထက်၊ တိုင်းတပါးစာပေ၊ စကားတွေက ပိုပြီးတန်ဘိုးကြီးမားသ ယောင် ဖြစ်နေပါပြီ။
မန္တလေးယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာတွေ ရေးသားလေးရှိတဲ့ စာရေးဆရာဆူးငှက်က မန္တလေးက တရုတ်စာပေယဉ်ကျေး မှုကြီးစိုးလာပုံကို ခုလိုရှင်းပြပါတယ်။ “အဲနောက်ပိုင်းတော့ မန္တလေးလိုနေရာမျိုးမှာ စီးပွားရေးအရရော၊ တရုတ်ရဲ့ လွှမ်း မိုးမှုတွေ များလာတာပေါ့ တရုတ်စာသင်ကျောင်းတွေပေါ့ဗျာ… တရုတ်စာသင်ကျောင်းတွေ။ ဗမာကမွေးတဲ့ ဗမာကလေး စစ်ကိုတောင် မဖြစ်မနေ တရုတ်ကျောင်းပို့တဲ့အထိတွေ ဖြစ်လာတယ်။ အလားတူပဲ အလုပ်ခေါ်တဲ့ နေရာတွေမှာ တရုတ် စကားပြော တတ်ရမယ်ဆိုတဲ့အထိ လွှမ်းမိုးမှုတွေကများလာတယ်။ တဖက်က ဗမာစာအားနည်းမှုတွေ ပြန်ကြည့်မယ် ဆိုရင်လည်း၊ မန္တလေးမှာ နိုင်ငံတကာကျောင်းတွေရှိတယ်၊ ပိုက်ဆံရှိတဲ့ကလေးတိုင်းကို အဲဒီကျောင်းတွေမှာ ထားတယ်။ အဲဒီကျောင်းတွေက ဗမာစာမသင်ဘူး ဒီတော့ ပြည်တွင်းမှာနေတဲ့ ကလေးတွေတောင် ဗမာစကား ဗမာစာတတ်ဘို့က ခဲယဉ်းသွားပြီ။ ဆိုတော့ ဒီကလေးကလည်း နိုင်ငံတကာကျောင်းသွားမယ်။ ပြီးတော့တခါ တရုတ်စာသင်အုံးမယ်ဆိုရင်
စဉ်းစားသာကြည့်ပေါ့။ မြန်မာစာ မြန်မာစကား ကြာရင် ဘာမှကို ကျန်တော့မှာမှုတ်တော့ဘူး။
ကျနော်အခုနေထိုင်နေတဲ့ နော်ဝေးနိုင်ငံအပါအ၀င်၊ ဥရောပနိုင်ငံတွေမှာ နိုင်ငံစုံက၊ လူမျိုးစုံဘာသာစုံ၊ အရောင်အသွေးစုံ လာရောက်အခြေစိုက်နေထိုင်တာတွေရှိပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ စာ၊ စကားပဲ အသုံးပြုရပါတယ်။ မိမိတို့ လူမျိုးစာပေ၊ စကားနဲ့ယဉ်ကျေးမှုလည်း သင်ကြားခွင့်၊ ဖော်ထုတ်ခွင့်ပေးထားပါတယ်၊ ဒါကတပိုင်းပါ။ ဒါပေမဲ့ အဲဒီနိုင်ငံ တွင်း လူမှုအဖွဲ့အစည်းနဲ့ စာသင်ကျောင်း၊ ရုံး၊ လုပ်ငန်းခွင်အားလုံးမှာ လူမျိုးခြား စာပေ၊ စကား တရားဝင်ပြောဆို၊ ရေး သားခွင့်မရှိပါ။
အင်္ဂလိပ်စကားနဲ့ စာ ဒီနိုင်ငံသားတွေ လူတိုင်းတတ်ကြပါတယ်။ ဒါပေမဲ့ ပြောလေ့ပြောထ မရှိပါဘူး။ အင်္ဂလိပ်လို ဆိုင်း ဘုတ်တောင် မရှိသလောက်ရှားပါတယ်။ ဒီနည်းလမ်းနဲ့ မိမိနိုင်ငံစာပေ၊ စကားနဲ့ယဉ်ကျေးမှုကို ထိမ်းချုပ်ထားပါတယ်။
ကျနော်တို့ဆီမှာက ရေရှည်အကျိုးမကြည့်တတ်သလို၊ ဉာဏ်အမြော်အမြင်နည်းပါးတဲ့ စစ်ဘိုရှုတ်၊ ယူနီဖောင်းဝတ်ရော၊ အကျွတ်တွေရော၊ လူတွင်ကျယ်လုပ် အုပ်ချုပ်နေကြလို့ ဗမာလူငယ်တွေကိုယ့် အမျိုးသားစာပေ၊ စကားတောင် အလေး မထားနိုင် ဖြစ်နေရတယ်။
အတိတ်ကိုပြန်ကြည့်ရင်၊ ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက်ကတည်းက ပန်းသေးတရုတ်လူမျိုးတွေ ဘုရင့်တပ် မတော်မှာ အမှုထမ်း အရာထမ်းအဖြစ် ရောက်ရှိခဲ့ပါတယ်။ နောက်ပိုင်း အင်္ဂလိပ်လက်ထက်မှာလည်း အိမ်းနီးချင်းယူနန် နယ်ဘွား တရုတ်တွေ ရေကြည်ရာမြက်နုရာ၊ စီးပွားရေးအရ အခြေစိုက်လာပေမဲ့၊ မိမိတို့မိသားစု စားရေး ၀တ်ရေး သက် သက်လာသူတွေ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီး မော်စီတုံးရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကြောင့်ရော၊ ချန်ကေချိတ်အစိုးရ ထောက်ခံသူတွေ မြန်မာနယ် ထဲ ခိုလှုံခဲ့တာတွေရှိပေမဲ့ သူတို့ဟာ မြန်မာမှုကိုလေးစားပြီး မြန်မာပြည်ချစ်စိတ်ရှိတဲ့ မြန်မာပြည်သား ဧည့်ကောင်းတွေ ဖြစ်ခဲ့ပါတယ်။
၁၉၈၈ နောက်ပိုင်းမှာတော့ မြန်မာပြည်က မတည်ငြိမ်တဲ့နိုင်ငံရေး၊ ဆုတ်ယုတ်နေတဲ့ စီးပွားရေး၊ အာဏာသိမ်းအစိုးရရဲ့ နိုင်ငံတကာမှာ အထီးကျန်မှုတွေကို အခြေခံပြီး အရှေ့က တရုတ်လူမျိုးတွေ ပြိုဆင်းလာပါတော့တယ်။ မှတ်ပုံတင်အတု တွေနဲ့၊ အိမ်ထောင်စုစာရင်းတွေဝယ်ပြီး (သက်ဆိုင်ရာကိုလာဘ်ထိုးပြီး) အုတ်အုတ်သဲသဲ ၀င်လာတယ်။ မြန်မာကျပ်ငွေ တန်ဘိုး အဆမတန်ကျဆင်းမှုတွေ၊စီးပွားခြွတ်ခြုံကျမှု၊အာဏာရှင်အောက်က အမျိုးသားရေးစိတ်ဓာတ် ခေါင်းပါးမှုတွေ ဟာ တိုင်းတပါးသားတွေကို တံခါးမရှိဓားမရှိ ဖြစ်စေခဲ့ပါတယ်။
ဆရာဆူးငှက်က…
“သူတို့နောက်ကွယ် (backgroun) မှာက နည်းတဲ့ငွေကြေးအင်အားမှမဟုတ်ဘဲ၊ ဗမာက အဲဒီအချိန် ငွေတသိန်းဆိုတာ တနှစ်လုံး ကုန်းရုန်းရှာတောင် ခဲယဉ်းတဲ့အချိန်၊ တရုတ်က သိန်းပေါင်း၊ သန်းပေါင်းများစွာ (ကျပ်ငွေ) သူတို့လက်ထဲရှိနေ တာကိုး။ ကျနော်တို့ကြားနေတာ ၁၉၉၀ လောက်က ငွေကြေးအများကြီး ထောက်ပံ့ပြီး ကြိုက်တာဝင်လုပ်၊ အဲလိုနောက် ကွယ်က လုပ်ပေးနေတာ။ ဒါ အစီအစဉ်ကျကျ လုပ်ခဲ့ကြတာပါ။ ဒီမှာ တသောင်းတန်ကို တသိန်းပေးလိုက်တယ်။
ကျနော်တို့ ဘိုးဘွားပိုင်တွေ အဲလိုရောင်းချပလိုက်တယ်”
ပိုဆိုးတာတခုက တရုတ်လုပ်ငန်းရှင်တွေ၊ ကုမ္မဏီတွေ တရုန်းရုန်းဝင်လာပေမဲ့ ဗမာအလုပ်သမားတွေ အလုပ်လက်မဲ့ ဘ၀ကနေ မလွတ်ကျွတ်တာပါဘဲ။သူတို့အလုပ်သမားနဲ့ သူတို့အလုပ်ကိုခိုင်းစေပြီး ကိုယ့်အိတ်ထဲကိုယ့်ငွေတွေ ပြန်ထည့် သွားတာပဲ။ ဒီနေရာမှာ အာဖရိကမှာ လာရောက်ရင်းနှီးတဲ့ တရုတ်အစိုးရစီမံကိန်းတွေကိစ္စ ပြောပြချင်တယ်။
ထုံးစံအတိုင်း အာဖရိကနိုင်ငံတွေက ရေအားလျှပ်စစ်စီမံကိန်းတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ စားသောက်ဆိုင်တွေမှာ လိုအပ် တဲ့ အလုပ်သမားတွေကို တရုတ်နိုင်ငံကအကျဉ်းသားတွေခေါ်ပြီးခိုင်းတဲ့ အဖြစ်အပျက်ပါ။ အချိန်ကာလတခုထိ လျော့ ရက်ရမယ်၊ လွတ်လွတ်လပ်လပ် နေရမယ်၊ အစားအနေ၊ ဘာမှမပူရဘူးဆိုတော့ လစာမပေးပေမဲ့ တရုတ်ပြည်က ထောင် သားတွေ တော်တော်များများ အာဖရိကရောက်ကုန်တယ်။ ဒီနည်းနဲ့ အာဖရိကပြည်သူတွေ ရသင့်ရထိုက်တဲ့ လစာနဲ့ အလုပ်တွေမှာ တရုတ်က ကိုယ့်အိတ်ထဲကိုယ်ပြန်ထည့်သွားတာပါပဲ။ ကျနော်တို့နိုင်ငံမှာလည်း တရုတ်က အာဖရိကလမ်း စဉ်သုံးနေပါတယ်။ ဆရာဆူးငှက်ပြောတာက…
“အခု ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ၀င်လာတဲ့တရုတ်တွေဆို…၊ အရင်ကမှ ဗမာအလုပ်သမားခန့်သေးတယ် သူတို့ရဲ့ စက်ရုံ စီမံကိန်း၊ ဘာ၊ ညာစီမံကိန်းတွေဆို ပညာရှင်ကနေ၊ အလုပ်ကြမ်းသမားအထိ သူတို့ဆီက တရုတ်တွေအကုန်ခေါ်ချလာ တာ၊ ဆိုပါတော့ အခုဓာတ်ငွေ့ပိုက်လိုင်းစီမံချက်တွေဆို သူတို့ အလုပ်သမားတွေနဲ့ သူတို့လာတာ။ ကုလားအုတ်လိုပေါ့ ဗျာ။ သူတို့အကျင့်၊ သူတို့လူမျိုးစရိုက်အတိုင်း စီးစီးပိုးပိုးနဲ့ အကုန်လုပ်သွားတာ။ ရှိသမျှ အကုန်သူတို့အိတ်ထဲရောက် အောင်လုပ်သွားတာ”
တခါတုံးက ကျနော်နယူးဒေလီ(အိန္ဒိယ)က ကြယ်ငါးပွင့်အဆင့် ဟော်တယ်တခုကို မိတ်ဆွေတယောက်နဲ့တွေ့ဘို့ ရောက် သွားတယ်၊ အပေါ့သွားချင်လို့ ဟော်တယ်ဧည့်ခန်းအနီး သန့်စင်ခန်းကိုသွားပြီး အထွက်မှာ လက်ဆေးမလို့ပြင်တော့ ဟော်တယ်ဝန်ထမ်းဝတ်စုံအပြည့်နဲ့ အိန္ဒိယအမျိုးသားတယောက်က ကျနော့်ကို လက်ဆေးကန်ရေပိုက်ဖွင့်ပေးတယ်၊ ပြီး တော့ လက်သုတ်ပုဝါလေးကိုင်ပြီး ဘေးမှာရပ်နေတယ်၊ ရုတ်တရက်တော့ ကျနော်လည်းကြောင်သွားတယ်။ နောက်မှ သဘောပေါက်သွားတယ်။ သူတို့ဆီမှာ မြားပြားလွန်းတဲ့ အလုပ်လက်မဲ့ပြဿနာကို အဲလိုဖြေရှင်းကြပါတယ်။ ကုမ္မဏီ တွေ၊ ပြည်ပကလာရောက်ရင်းနှီးတဲ့ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေကို မိမိနိုင်ငံက ၀န်ထမ်းဘယ်လောက် ဦးရေ ကို၊ ဘယ်လောက်နှုံးထားနဲ့ လစာပေးပြီး အလုပ်ခန့်ရမယ်ဆိုတာ သဘောတူစာချုပ် ချုပ်လေ့ရှိပါတယ်။ ဗမာပြည်မှာ အဲ လို ကိုယ့်နိုင်ငံသားတွေရဲ့ အခွင့်အရေးကိုကာကွယ်တဲ့ မူဝါဒတွေရှိဘို့ လိုနေပါပြီ။
အခုတော့ အလုပ်လက်မဲ့ပြဿနာကို ပြည့်တန်ဆာထူထောင်ရေး လုပ်ငန်းစဉ်တွေနဲ့ အကောင်အထည်ဖော်နေသလိုပါပဲ။ ဆရာဆူးငှက် ပြောပြတာကရှင်းပါတယ်။ လူရော၊ ရိက္ခာရော၊ အမြတ်အစွန်းရော အကုန်ယူသွားတာတဲ့။
“တကောင်းဘက်က နီကယ်လ်စီမံကိန်းတွေနဲ့ ရခိုင် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေမှာဆို၊ ဗမာက တရုတ်အလုပ်ကြမ်း သမားအတွက်ပါ ၀န်ဆောင်မှုပေးရတယ်။ သူတို့က ဒီမှာရှိတဲ့ ဟင်းသီးဟင်းရွက်သားငါးကို ၀ယ်စားတယ်။ ကျနော်တို့ တမတ်၊ ငါးမူးအမြတ်နဲ့ သူတို့အလုပ်သမား၂ထောင်ရောက်လာလို့ ဒီလောက်ရောင်းရတာဆိုပြီး ၀မ်းသာအားရ ဖြစ်နေ ရတယ်။ ၀န်ဆောင်မှုမှာ ဘာတွေဆက်ဖြစ်လာလဲဆိုတော့.. အဲဒီနားလေးက ရွာတွေမှာ အနှိပ်ခန်းတွေ၊ အရက်ဆိုင်၊ ကာ ရာအိုကေတွေ ပေါ်လာတယ်။ သူတို့အတွက် မကောင်းတဲ့မိန်းမတွေ ပေါ်လာတယ်။ အဲဒါတွေကို ဗမာက လုပ်ပေးလိုက်ရ တာဗျ။ ဒီမှာက ဆင်းရဲလွန်းတော့၊ တနှစ်လုံးကောက်စိုက်မှ တောသူတောင်သားတွေ ထောင်ဂဏန်းလောက်ရတဲ့အချိန်၊ သူတို့နဲ့ တညသွားအိပ်လို့၊ သောင်းဂဏန်းလောက်ရတာဆိုတော့ အဲလိုတွေ ဖြစ်ကုန်ကြတယ်။ အဲဒီတော့ ကျနော်တို့ ဘက်က ရှုံးပြီးရင်းရှုံးရင်း မိအေး ၄-၅-ဆယ်ခါ နာနေကြရတာဗျ။ ဒီအတိုင်းသာဆက်သွားမယ်ဆို၊ ကျနော်တို့က သယံဇာ တပါသွားပြီ၊ အမျိုးကောင်းသမီးတွေပါသွားပြီ။ နောက်တခါ ကျနော်တို့ ယဉ်ကျေးမှုတွေလည်း အလွှမ်းမိုးခံနေရပြီ။ ဘာ များမက်လောက်စရာ ရှိတော့လို့လဲ၊ အဓိကက ကိုယ့်ဟာနဲ့ အကုန်လုံးလုပ်စားသွားခဲ့ကြတာကိုးဗျ။
မန္တလေးသားစာရေးဆရာဆူးငှက်ပြောပြသွားတာတွေပါ။
မန္တလေးနဲ့ပတ်သက်ပြီး ကွယ်လွန်သူ အမျိုးသားစာဆိုတော် ကဗျာဆရာဇော်ဂျီက …
မန္တလေးဟာ တဖက်မှာဂန္ထ၀င်ဆန်လွန်းသလို တဖက်မှာလည်း မော်ဒန်ဖြစ်လွယ်တဲ့မြို့။“ဆံပင်ကိုက်ညှပ်သော ဆိုင်ကြီး” လို့ ဆိုင်းဘုတ်ရေးသလို၊ “ဘသန်းကဖေး” လို့ ခေတ်မီမီစတိုင် ပထမဆုံးသုံးတာမျိုးလို့ ထောက်ပြဘူးပါတယ်။ အခုလို အချိန်မှာ ဆရာဇော်ဂျီ တမလွန်ကလာပြီး မန္တလေးကိုတွေ့ရင် တဖိတ်ဖိတ်တောက်နေသော စိနအက္ခရာအလျှံပယ် ဆိုင်း ဘုတ်များနှင့် စကပ်တိုပေါင်တံဖြူ စကားမတူ၊ အယူဝါဒခြား၊ လူမျိုးကွဲ စိနတိုင်းသားတို့၏ စီးပွားနှင့် ယဉ်ကျေးမှုလွှမ်းမိုး နေသည့် ထီးကျိုးစည်ပေါက် မြန်မာတို့၏ နောက်ဆုံးယဉ်ကျေးမှုခံတပ်၊ မန်းနေပြည်တော်ကြီးလဲပြိုလေပြီတကား…
လို့များ၊ ရင်နာနာနဲ့ ရေးလေမလားလို့ တွေးနေမိပါတော့တယ်။
ကိုညို (အော်စလို)
(RFA ရေဒီယိုဖရီးအေးရှားမှ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဖော်ပြနေတဲ့ စိတ်ယဉ်ကျေးမှုမှတ်စုများမှ)

Human

Being a human, we have to do something.
If we are satisfied with it, it will be a merit.
If we are not satisfied with it, it is just a debt!

လူဆိုတာ တစ်ခုခုတော့လုပ်နေရမှာပဲ
ကျေနပ်နှစ်သက်နေရင် ကုသိုလ်ဖြစ်ပြီး
စိတ်မပါပဲလုပ်နေရတာဆိုရင်တော့
ဝဠ်ကြွေးရှိလို့ ဆပ်နေရတာပဲ။

လူငယ်နှင့် ဘဝတန်ဖိုး


“လူငယ်နှင့် ဘဝတန်ဖိုး” လို့ ပြောထားလေတော့ လူငယ်ဆိုတာ ဘယ်အသယ်အရွယ်ကို ပြောတာလဲသိဖို့ လိုလိမ့်မယ်။  လူငယ်ဆိုတာ လူ့ဘဝရဲ့ ကာလအပိုင်းအခြား တစ်ခုလို့ နားလည်ကြမလား။ ဒါဆိုရင်လည်း လူငယ်ဘဝကို ကာလပိုင်းခြားမှု အမျိုးမျိုး သတ်မှတ်ကြလေတော့ အသက်ဘယ်၍ ဘယ်မျှကနေပြီး ဘယ်အရွယ်အထိကို လူငယ်လို့ သတ်မှတ်မလဲ။ မေးစရာရှိလာတယ်။ တချို့သတ်မှတ်ချက်တွေတော့ အတော်အတန် ရှိပါတယ်။ ဒါပေမယ့် အများစု လက်ခံကြတာမျိုတော့ မဟုတ်ပြန်ဘူး။ ဒါဆို အိမ်ထောင်မကျသေးတဲ့ လူဟာ လူငယ် မဟုတ်တာ သေချာနေပြန်တယ်။ ဒါဆို ဆယ်ခြောက်နှစ်လောက်က အိမ်ထောင်ကျပြီး လေးဆယ်ကျော်နဲ့ မြေးချီနေကြတဲ့သူတွေကို လူငယ်လို့ သတ်မှတ်မလား၊ ဒါလည်း နိတ်မယ်မထင်ဘူး။ အသက်မကြီးပေမယ့် ဝါကြီးလွန်းနေတော့ လူငယ်လို့ ပြောရခက်လိမ့်မယ်။ အဲဒီတော့ လူငယ်ဘဝဆိုတာ မိမိတိုင်းပြည်၊ မိမိလူမျိုး ဓလေ့စရိုက်နဲ့ မိမိယဉ်ကျေးမှုအရ သတ်မှတ်ဖို့လိုတယ် ထင်သလိုသာ သတ်မှတ်ကြပါ။ အသက်အရွယ် အနုအရင့်က အရေးမကြီးပါဘူး။

အဲဒီလူငယ်ဆိုသူ့ အနေနဲ့ သူဖြတ်သန်းနေရတဲ့ ဘဝမှာ ဘဝရဲ့တန်ဖိုးကို နားလည်ဖို့ကသာ အဓိက ဖြစ်လိမ့်မယ်။ ဒါမှသာ ဘဝရဲ့တန်ဖိုးကို သိနားလည်တာနဲ့အမျှ တန်ဖိုးထားနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ဘဝဆိုတာဘာလဲ သိဖို့လိုလိမ့်မယ်။ တချို့က ဘဝဆိုတာ သတ္တဝါအဖြစ် ရောက်ရှိ ကျင်လည်နေခြင်းလို့ ဆိုကြပါတယ်။ တချို့ကတော့ ဘဝဆိုတာ ဖြစ်ခြင်းလို့ ပြောကြပြန်တယ်။ တချို့ပညာရှိများကတော့ အဖြစ်၊ အနေကို ဘဝလို့ ခေါ်ပါသတဲ့၊ မှတ်သားစရာတွေ ချည်းပါ။ အထက်မှာ ဖော်ပြခဲ့သလို တန်ဖိုးရှိအောင် ထူထောင် နေထိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မယ်။ ဒီတော့ ဘဝရဲ့တန်ဖိုးကို ပထမဆုံး သိရှိနားလည်နိုင်ကြရင် အကောင်းဆုံး ဖြစ်လိမ့်မယ်ထင်တယ်။ ဒီနေရာမှာ ဘဝရဲ့ အနက်အဓိပ္ပါယ်ကို အထက်မှာ ဖော်ပြခဲ့သလို တန်ဖိုးရဲ့သက်ရောက်မှုကိုလည်း သိဖို့လိုလိမ့်မယ်။

တန်ဖိုးဆိုတာ ဘာလဲ၊ တန်ဖိုးဆိုတာ “ပစ္စည်းတစ်ခုခုကို ရောင်းဝယ်ရန် သတ်မှတ်ထားသောငွေ” လို့ ဖွင့်ဆိုတာရှိသလို “အကျိုးသက်ရောက်မှု” နဲ့ “ကျေးဇူးဂုဏ်” ကလည်း “တန်ဖိုး” ပါပဲ။ ဘဝမှာ အကျိုးရှိအောင် ကျင့်ကြံနေထိုင်တာ၊ အများအကျိုးကို သယ်ပိုးဆောင်ရွက်တာ၊ နေထိုင်ရာကမ္ဘာကြီးအတွက် အကျိုးရှိရာရှိကြောင်း လုပ်ကိုင်ဆောင်ရွက်တာမျိုးဟာ လူ့ဘဝရဲ့တန်ဖိုးတွေပါပဲ။ အဲဒီလို တန်ဖိုးတွေကို နားလည်ပြီး ပြည့်ပြည့်ဝဝ ဆောင်ရွက်ဖို့ ကြိုးစားကြတဲ့ လူငယ်တွေဟာ အမှန်တကယ်ပဲရှိနေသလို တချို့ကလည်းဘဝရဲ့တန်ဖိုးအပေါ် လေးနက်မှုမရှိတာ၊ နားမလည်တာမျိုးတွေလည်း ရှိနေကြပါတယ်။ ခက်ခဲဆင်းရဲတဲ့ အခြေအနေ၊ ပင်ပင်ပန်းပန်း ကြိုးပမ်းအားထုတ်ရတဲ့ အခြေအနေဟာ လူငယ်တိုင်းရဲ့ဘဝမှာ ရင်ဆိုင်ရလေ့ရှိတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဓမ္မတာပဲ တချို့က အောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်ရင်း၊ မိမိတို့ရဲ့ ဘဝတန်ဖိုးကို မြှင့်တင်ကြသလို တချို့ကျတော့လည်းဘဝမှာ တန်ဖိုးမဲ့စွာ နေထိုင်ရင်း အချိန်တွေကို ကုန်လွန်သွားကြရတာတွေလည်း ရှိပါတယ်။ ဘဝရဲ့တန်ဖိုးဆိုတာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ကောင်းအောင်လုပ်တာ၊ ဗဟုသုတအသစ်တွေ ကျွမ်းကျင်မှုအသစ်တွေ၊ စွမ်းရည်အသစ်တွေနဲ့ အကောင်းဆုံး အောင်နိုင်အောင် ကြိုးစားတာမျိုးပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ပိုပြီးကောင်းအောင် လုပ်တာဟာ ဘဝတန်ဖိုးပါပဲ၊ ကြားဖူးတာလေး တစ်ခုရှိတယ်။ လူတော်တော်များများလည်း ကြားဖူးကြမှာပါ။

ဒီလို ဆိုရိုးစကားဟာ အသွင်သဏ္ဌာန် အမျိုးမျိုး ရှိနိုင်ပေမယ့် အနှစ်သာရက အတူတူပါပဲ။ ဘယ်နိုင်ငံကဆိုတာ မသိရပေမယ့် လူသုံးများပါတယ်၊ ကိုးကားထောက်ပြကြတာလည်း အများကြီးပါ။ ''The carrots the eggs and the coffee beans''  တွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဘဝမှာ အခက်အခဲတွေ ပြဿနာတွေနဲ့ ဘယ်သူမဆို ကြုံတွေ့ရမှာပါ။ ဒီအချိန်မှာ ကာယကံရှင်ဟာ ဘယ်လောက်ကြံ့ခိုင်သလဲ၊ ဘယ်လောက် ပျော့ညံ့သလဲ၊ ဘယ်လောက် လက်မြှောက် အရှုံးပေးတတ်ပြီး ဘယ်လောက် အောင်ပွဲယူနိုင်သလဲဆိုတာ ပေါ်လွင်လာတတ်ပါတယ်။ ရေပူပူနဲ့တူတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ရင်ဆိုင်ကြရတဲ့အခါ မာတယ်လို့ထင်ရတဲ့ မုန်လာဥနီမျိုးက ပျော့ဖတ်သွားတတ်သလို ထိရင်ကွဲတတ်၊ အထိမခံတတ်တဲ့ အရာလို့ထင်ထားရတဲ့ ကြက်ဥလို ဥမျိုးက မာသွားတတ်ပြန်တယ်။ ကော်ဖီစေ့လိုဟာမျိုးကတော့ ရနံ့သင်းသင်းနဲ့ အများအကျိုးကို ဆောင်နေတာကို တွေ့ရတာ အမှန်ပါပဲ။ ကြက်ဥလို၊ ကော်ဖီစေ့လို လူပုဂ္ဂိုလ်တွေဟာ ဘဝရဲ့တန်ဖိုးကို မြှင့်တင်ပေးတဲ့အရာတွေ ဖြစ်သလို မုန်လာဥနီလို လူစားမျိုးတွေကတော့ အခက်အခဲတွေ့တာနဲ့ ပျော့သွားတတ်တဲ့ တန်ဖိုးမဲ့ ပျော့ညံ့သူတွေပါ။ ဘဝရဲ့တန်ဖိုးကို အဲဒီမုန်လာဥနီ၊ ကြက်ဥနဲ့ကော်ဖီစေ့တွေလို လူတွေဆီမှာ အနည်းနဲ့အများ တွေ့မြင်ရတတ်တယ်၊ လေ့လာယူလို့လည်းရနိုင်တယ်။ လူဆိုတာက တစ်သက်တာလုံး ရင်ဆိုင်ဖြတ်ကျော်ရမယ့် ကိစ္စကြီးငယ်တွေဟာ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

မိမိတစ်ဦးချင်း ကိစ္စတွေ၊ အများအတွက် ဆောင်ရွက်ရမယ့် ကိစ္စတွေသာမက နေချင့်စဖွယ် ပိုမိုကောင်းမွန်လာမယ့် ကမ္ဘာကြီးအတွက်ပါ စဉ်းစားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ငယ်ရွယ်နုပျိုပြီး စွမ်းဆောင်နိုင်ရည် မြင့်မားတတ်တဲ့ လူငယ်ဘဝမှာ ဒါတွေကို သူတို့ စွမ်းဆောင်နိုင်တာနဲ့ အမျှ သူတို့ရဲ့တန်ဖိုး၊ တစ်နည်းအားဖြင့် လူငယ်တွေရဲ့ ဘဝတန်ဖိုးဟာ မြင့်မားနေမှာဖြစ်ပြီး ကမ္ဘာကြီးအရေးကို မျက်နှာလွှဲ၊ အများအရေးကို မျက်နှာလွှဲတာ များနေရင်တော့ သူတို့ရဲ့ဘဝ တန်ဖိုးဟာလည်း နိမ့်ကျသွားမှာ ဓမ္မတာပဲ ဖြစ်ပါတယ်။ ဒီနေ့လူငယ်တွေ နားလည်ကြရမှာက ခင်ဗျားတို့ဟာ မုန်လာဥနီ၊ ကြက်ဥနဲ့ ကော်ဖီစေ့တွေလို ဘဝတွေကို မလွှဲမသွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ မုန်လာဥနီလား၊ ကြက်ဥလား၊ ကော်ဖီစေ့လားဆိုတာကလည်း မိမိကိုယ်တိုင် အဆုံးအဖြတ် ပေးသွားမှာပါ။ အခက်အခဲတွေ၊ ပြဿနာတွေကြားထဲကပဲ မိမိတို့ရဲ့ဘဝတန်ဖိုးတွေကို မြှင့်ယူကြရမှာလည်း ဖြစ်ပါတယ်။ ဒါကို အားလုံးနားလည်ဖို့လည်း လိုလိမ့်မယ်။ တန်ဖိုးဆိုတာ “အကျိုးသက်ရောက်မှု” လို့ဖွင့်နိုင်သလို “ကျေးဇူးဂုဏ်”လို့ အဓိပ္ပာယ် သက်ရောက်ကြောင်း အပေါ်ပိုင်းမှာ ပြောခဲ့ပါပြီ။ အများကောင်းကျိုး လူသားတွေရဲ့ကောင်းကျိုး၊ ကမ္ဘာကြီး ကောင်းကျိုးကို ဖော်ဆောင်နိုင်အောင် လုံးပန်းအားထုတ်သူများဟာ ဘဝတန်ဖိုး မြင့်မားသူတွေ ဖြစ်ပါတယ်။ လူငယ်အားလုံးပဲ ဘဝတန်ဖိုးကို နားလည်ပြီး ကိုယ့်ကိုယ်ကို ဘဝတန်ဖိုးမြင့်မားသူ တစ်ဦးဖြစ်လာအောင် တည်ဆောက်နိုင်ကြပါစေ။

ထက်ကျော်